← Back to list

Life List

Life List တဲ့. ဒီနေ့ကြည့်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားလေး။ ထူးထူးခြားခြား မပါတဲ့ သာမာန် မိသားစု ကားလေးပါပဲ။

Myo Thida in Resilient Journey Through the Ups and Downs · 2025-04-19 02:57 · 2 claps · 1.9 min read paywalled
#life-lessons-to-learn #myanmar-earthquake #life-list
Open on Medium ↗
Wiki topics: 🌍 · Earth Science

Life List

Life List တဲ့. ဒီနေ့ကြည့်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားလေး။ ထူးထူးခြားခြား မပါတဲ့ သာမာန် မိသားစု ကားလေးပါပဲ။

မင်းသမီးက မိသားစုရဲ့ အငယ်ဆုံး.. အမေ့ရဲ့ အချစ်တော် သမီးလေး.. အထက်မှာ အကို နှစ်ယောက်ရှိတယ်။ အမေနဲ့ သူ့ကြားမှာ — ကျန်တဲ့ မိသားစု၀င်တွေ ၀င်လို့ မရတဲ့ တွယ်တာမှုတွေ နားလည်မှုတွေ ရှိတယ်။ အဖေနဲ့တော့ မပြေလည်ဘူး။

ဆရာမ လုပ်နေရာကနေ မတရား အလုပ်ထုတ်ခံလိုက်ရပြီးနောက် မအေ့ရဲ့ Cosmetic ကုန်တိုက်မှာ အလုပ်၀င်လုပ်နေတယ်။ ရည်းစားက game တစ်ခု ရေးဖို့ ကြိုးစားနေပြီး အမြဲ game ကစားနေတတ်သူ၊ ဘ၀ကို ပေ့ါပေ့ါပါးပါး ဖြတ်သန်းနေပေမဲ့ မင်းသမီး စိတ်ထဲမှာ အားငယ်မှု၊ ဘ၀ကို မကျေနပ်မှုတွေ ရှိနေတယ်။

ဖအေ ရှေ့မှာဆိုရင် ဖအေ ဂုဏ်ယူရတဲ့ သမီး မဖြစ်ဘူးဆိုတာမျိုးကို သမီးလုပ်တဲ့သူက အမြဲခံစားနေရပြီး စကားပြော ကတောက်ကဆ ခနခန ဖြစ်တတ်တယ်။

အမေက သေတော့မှာကို ကြိုသိနေပြီး (ကင်ဆာလို့ ယူဆရ) သေဖို့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားတယ်။

သေပြီးတဲ့နောက် သေတမ်းစာကို ဖတ်တဲ့အချိန်မှာ လုပ်ငန်းတွေ.. Cosmetic ကုန်တိုက်တွေကို သားနှစ်ယောက်နဲ့ ချွေးမတွေကို ပေးခဲ့တယ်။ အိမ်ကိုလည်း မရောင်းဖို့ တစ်နှစ်အတွင်း ဆက် စောင့်ရှောက်ထားဖို့မှာတယ်။ ဒါ့အပြင် သမီး အငယ်ဆုံးလေးကို လက်ရှိ အလုပ် ( Cosmetic ကုန်တိုက်) ကနေ ထုတ်လိုက်တဲ့အခါ မောင်နှမ (၃) ယောက်လုံး နားမလည်နိုင် ဖြစ်ကြရတယ်။

ရှေ့နေက မင်းသမီးကို DVD တစ်ခုနဲ့ စာရွက်လေးတစ်ရွက်ပေးပါတယ်။ သူမ — ၁၃ နှစ်က ရေးခဲ့တဲ့ Life List ပါ။

အဲ့ဒီမှာ အချက် ၁၂-၁၃ ခု (အတိအကျပါပါတယ်။ ကျမ မမှတ်မိတာပါ) ပါပြီး တက်တူးထိုးမယ်၊ ကားမောင်းသင်မယ်၊ ပရိသတ်ရှေ့မှာ ဟာသ ပြောမယ်ဆိုတာမျိုးပေ့ါပေ့ါ ပါးပါးလေးတွေ ပါသလို အဖေနဲ့ ပြေလည်အောင်လုပ်မယ်၊ လူတွေကို ကူညီမယ်.. (help others, make a difference) ၊ အချစ်စစ်ရှာမယ်၊ စသည်ဖြင့် လေးနက်တဲ့ ရည်ရွယ်ချက်တွေလဲ ပါပါတယ်။ တစ်ခု လုပ်ပြီးသွားတိုင်း သူ့အမေ စကားပြောထားတဲ့DVD တစ်ခုကို ရပါတယ်။

အဲ့ဒီလို ရှာဖွေနေရင်းနဲ့ .. မင်းသမီး သိလာရတာက .. သူမ အဖေလို့ ထင်ထားတာက အဖေ မဟုတ်နေဘဲ.. သူမက မအေနဲ့ အဆိုတော်တစ်ယောက် ဖောက်ပြန်ရာက ရလာတဲ့ သမီး ဖြစ်နေတာပါပဲ။ ဒီကိစ္စကို သူမ ရင်ဆိုင်ရတာ.. နောက် လက်ရှိ ရည်းစားနဲ့ ပြတ်သွားပြီး ရည်းစား အသစ်ရတာ.. နောက်ဆုံးတော့ ရှေ့နေနဲ့ ညားသွားတာ ဒါလေးတွေပါပဲ။

ဇာတ်အိမ် အကြီးကြီး မဟုတ်သလို.. အလှည့်အပြောင်းလဲ အများကြီး မပါပါဘူး။ ဒီထဲမှာ အဓိက ပေးချင်တဲ့ မတ်ဆေ့ဂျ်လေးထဲမှာ သူမ အမေ ပြောပြတဲ့ အချစ်စစ်ကို သတ်မှတ်တဲ့ အချက် (၄) ချက် လည်း ပါပါလိမ့်မယ်။

ဒါပေမဲ့.. ကျမ အတွက်.. ရင်ထဲ ရောက်တဲ့ အချက်ကတော့ အဲ့ဒါတွေ မဟုတ်ပါဘူး။

ပထမ တစ်ခုကတော့ — မင်းသမီးက သမီး အရင်း မဟုတ်ဘူးဆိုတာကို အကိုတွေနဲ့ ပြန်ပြောပြီးနောက်တစ်ကြိမ် မောင်နှစ်မတွေ ဆုံကြချိန်မှာ အကိုက ပြောတဲ့ စကားပါ။

မင်းသမီးက သူမနဲ့ ဖခင်ကြားမှာ ကွာဟမှုတွေ ရှိနေပြီး.. အဖေနဲ့ သူ့အကိုနှစ်ယောက်က ပိုပြီး ရင်းနှီးနေတာကို နားမလည်ဖြစ်နေခဲ့တာ ဒီကိစ္စကို သိလိုက်ချိန်မှာ အဖြေရသွားတယ်လို့ ပြောခဲ့ပါတယ်။

  • အဲ့ဒါနဲ့ ပတ်သတ်ပြီး သူ့ အကိုက ပြောတာပါ..

ငါလဲ အဖြေရသွားခဲ့တယ်တဲ့.. နင်နဲ့ အမေ့ကြားမှာ ငါတို့ ၀င်လို့ မရတဲ့ တွယ်တာမှုတွေ ငါတို့ နားမလည်နိုင်တဲ့ ဟာသတွေ.. လျှို့၀ှက်ချက်တွေ ဘာကြောင့် ရှိနေခဲ့တယ်ဆိုတာကိုတဲ့..

ဒုတိယ တစ်ခုကလည်း သူ့အကိုရဲ့ မိန်းမ (ယောင်းမ) က ပြောခဲ့တာပါ။ မောင်နှမတွေ စကားပြောချိန်မှာ အခန့်မသင့် ဖြစ်ပြီး အကို ပြောလိုက်တဲ့ စကားကို ညီမလုပ်သူက စိတ်ဆိုးပြီး မီးဖိုချောင်ထဲ ထွက်သွားခဲ့ပါတယ်။ အဲ့ဒီအခါ ယောင်းမက နောက်က လိုက်လာပြီး စိတ်မဆိုးဖို့ ပြောတဲ့အခါ..

သူ့ ယောက်ျေားက မရည်ရွယ်ပါဘူး။ သူလဲ စိတ်ပင်ပန်းနေလို့ပါတဲ့..

အဲ့အခါ .. ညီမလုပ်သူက.. ခပ်ရွဲ့ရွဲ့နဲ့ .. ဘာလဲ အရမ်းအောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်နေလို့ လား.. ချစ်စရာ ကောင်းတဲ့ သမီးနှစ်ယောက်ကို ပျိုးထောင်နေရလို့လား.. သိပ်ကို လှပပြီး Cosmetic ကုန်တိုက် ကို ပိုင်ဆိုင်မဲ့ မိန်းမကို ပိုင်ဆိုင်နေလို့လားလို့ မေးတဲ့အခါ.. ယောင်းမက ပြန်ဖြေခဲ့တာပါ..

အမေ ဆုံးရှုံးထားရလို့တဲ့..

ဒီစကားလေး နှစ်ခွန်းက ကျမ ရင်ထဲကို နင့်ခနဲ ရောက်ပါတယ်။

ကျမတို့တွေက ကိုယ့်ပြဿနာကို ကိုယ့်ဘက်က အမြင်.. ကိုယ့်ဘက်က နာကျင်မှုတွေကိုပဲ မြင်လိုက်တဲ့အခါ တဖက်သားရဲ့ ခံစားချက်တွေ နာကျင်မှုတွေကို မမြင်မိတော့ဘူး။

ကိုယ် အမေ ဆုံးရှုံးထားသလို သူလဲ ဆုံးရှုံးထားတာပါလား။ ဖအေနဲ့ အကိုတွေကြားက ချစ်ခင်မှုကို ကိုယ်က ကြည့်ပြီး နာကျင် ကြေကွဲနေချိန်မှာ ကိုယ်နဲ့ အမေ့ကြားက နွေးထွေးမှုအတွက် သူတို့လည်း ခံစားခဲ့ရပါလားဆိုတာကို မမြင်မိတော့ဘူး။

ကိုယ်တိုင်လဲ အဲလို အကြိမ်များစွာ ဖြစ်ခဲ့ဖူးတယ်။

အမေ့ကို ဆုံးရှုံးလိုက်ရချိန် အနားမှာ ရှိတဲ့ ညီမငယ်နဲ့ အဖေ့ နာကျင်မှုအတွက် ပူပန်မှုတွေများတဲ့အခါ ကျန်တဲ့ ညီအကိုမောင်နှမတွေကလည်း အမေ့ကို ဆုံးရှုံးထားရသူတွေပါလားလို့ မတွေးမိနိုင်တော့ဘူး။ ကိုယ်တိုင်လည်း မာကျောအောင် ကြိုးစားရင်း သူတို့ကိုလည်း မာကျောနေဖို့ မျှော်လင့်ခဲ့မိတယ်။

ကျန်တဲ့ ညီအကို မောင်နှမတွေကျတော့လည်း ကိုယ့်ရဲ့ မာကျောမှုကို မြင်ရတဲ့အခါ ကိုယ်ဟာလည်း အမေ ဆုံးရှုံးထားတဲ့ သမီးတစ်ယောက်ပါလားဆိုတာကို မေ့သွားကြတယ်။

ကိုယ့်ဘ၀နဲ့ ယှဥ်ပြီးတိုက်ဆိုင်လာတဲ့အခါ ဒီရုပ်ရှင်ထဲက ဒီ စကားလုံးလေးတွေက ရင်ထဲ ရောက်လာတယ်

နောက်တစ်ခုကတော့ .. ကိုယ်က အမေကို ရုတ်တရက် ဆုံးရှုံးခဲ့ရတယ်။ ဆုံးခါစကဆို အမေရယ် အိမ်မက်ပေးပါလို့ ခန ခန တမ်းတမိတယ်။ အိမ်မက်ထဲမှာတော့ စကားပြော ချင်သေးတာကို.. အခု ဒီဇာတ်ကားလေးကို ကြည့်တော့ DVD လေးတွေ ချန်ထားပေးနိုင် ခဲ့တဲ့ / ကြည့်ခွင့်ရတဲ့ မင်းသမီးကို အားကျမိတယ်။

ငလျင်ကြောင့် ရုတ်တရက်သေဆုံးခဲ့ရတဲ့ လူတွေ.. ကျန်ရစ်သူ မိသားစုတွေ.. မမှာနိုင်တော့ စကားတွေ.. မပြောလိုက်နိုင်တဲ့ နှုတ်ဆက်ခြင်းတွေ..

ကျမတို့ အသက်ရှင်နေဆဲမှာ .. ပြောချင်တောလေးတွေ.. ရေးချင်တာလေးတွေ မှာချင်တာလေးတွေကို ကြိုမှာထားခြင်းဖြင့်.. သေခြင်းတရားအတွက် ကြိုတင် ပြင်ဆင်သင့်တယ်လို့ အတွေး၀င်မိပါတယ်။


메타데이터
post_id
ba0c6c87952c
slug
life-list-ba0c6c87952c
url
https://medium.com/letters-to-my-younger-self-embracing-emotions-and/life-list-ba0c6c87952c
canonical_url
https://medium.com/letters-to-my-younger-self-embracing-emotions-and/life-list-ba0c6c87952c
author_url
https://medium.com/@myothida
status
ok
fetched_at
2026-07-21 20:08:30